နတ်အိုးကွဲ

"နတ်အိုးကွဲ
"
   
       ကျွန်မဘဝသည် ပန်းခင်းလမ်းမဟုတ်။ ငယ်စဉ်ဘဝအစကပင် ခက်ခဲကြမ်းတမ်းခဲ့သည်။ အဖေနှင့်အမေသည် ကြုံရာကျပန်းအလုပ်ဖြင့် ဝမ်းစာအတွက် ရုန်းကန်ရသည်။ သားသမီးလေးယောက်တွင် ကျွန်မကအကြီးဆုံးသမီး။
       အိမ်အလုပ်ဝိုင်းကူရသည်။ မောင်လေးညီမလေးများကိုထိန်းရသည်။ မနက်ပိုင်းတွင် အကြော်ရောင်း။
ညနေပိုင်းတွင် ပဲပြုတ်ရောင်း။ အိမ်ရှိစဉ့်အိုးများထဲသို့
ရေအပြည့်ဖြည့်ရသည်။
       ရွာဦးကျောင်းရှိ ရေကန်သည်ကျွန်မတို့အိမ်နှင့် အတော်ဝေးသည်။ သို့သော် နေ့စဉ်ရေထမ်းခြင်း အလုပ်သည် ကျွန်မအတွက် ထမင်းစားရေသောက်။
     မပြေလည်သည့်ကြားထဲပင် ကျွန်မကျောင်းတက်ခွင့်ရခဲ့သည်။ ကျောင်းတက်ရသည့် အချိန်တိုင်းလိုလိုပင်
ကျွန်မ မပျော်ရွှင်။ စာများအလွတ်ကျက်ရခြင်းကို ကျွန်မစိတ်မဝင်စား။
     သို့သော် မြန်မာစာသင်ရချိန်ဆို ကျွန်မစိတ်ပါသည်။
ကဗျာကလေးများရွတ်ဆိုရချိန် ကျွန်မကြည်နူးသည်။
ရေသည်ပြဇာတ်သင်ချိန် ကျွန်မပျော်ရွှင်သည်။ မင်းဘူးဆရာတော် ဦးသြဘာသ၏ မိခင့်သောက စကားပြေ
သင်ရချိန် ကျွန်မဝမ်းနည်းရသည်။
       ကာတွန်း၊ ရုပ်ပြ၊ ဝတ္ထုဖတ်ခြင်းကို ကျွန်မနှစ်သက်သည်။ ဘဝသည်ကြမ်းတမ်းသော်လည်း ကျွန်မစိတ်သည် နူးညံ့သည်ထင်၏။ ငယ်စဉ်ကပင်အနုပညာဆိုသည့် မြစ်များတွင် စီးမျောခဲ့သည်။
       ဘွဲ့ရပြီးချိန်တွင် ထိုမြစ်များထဲသို့ လက်တွေ့ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ မြစ်ရေသည် အချိန်တို့ကိုတိုက်စားသွား၏။ ကျွန်မတွင်အလုပ်မရှိ။ ကျွန်မတွင်ဝင်ငွေမရှိ။ မိဘများကျေးဇူးကြောင့်  စိတ်ကူးယဉ်ကမ္ဘာထဲတွင် နေခွင့်ရခဲ့သည်။
       ငယ်ဘဝနှင့်ခြားနားစွာ စိတ်ကူးယဉ်ကမ္ဘာထဲတွင်
ယက်ကန်ယက်ကန် ဖြစ်နေလေတော့သည်။ မိဘများက ကျွန်မကိုပြောကြသည်။
       " ချေးကော်မရ ပဲလှော်မရ နတ်အိုးကွဲ " ဟူ၍ပင်
ဖြစ်လေသတည်း။

                                                ကံ့ကော်သွေး